ဘေးဘောင်ပါး စမတ်ဖုန်းတစ်လုံးအဖြစ် မြင်ရတော့မယ့် Nokia 9 - iT Guider
Mobile Tech

ဘေးဘောင်ပါး စမတ်ဖုန်းတစ်လုံးအဖြစ် မြင်ရတော့မယ့် Nokia 9

Written by Chan Myae Maung

ဇန်နဝါရီ CES 2018 ပွဲမှာ မြင်ရဖို့ ရှိပါတယ်။ လာမယ့် ၂၀၁၈ အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ဂဏန်းက ၉ ဖြစ်မယ် ထင်ပါတယ်။ နာမည်ကြီး Samsung ကလည်း Galaxy S9 စီးရီးသစ်ကို မိတ်ဆက်သွားမှာ ဖြစ်သလို Apple ကလည်း iPhone 9 စီးရီးကို ကြေငြာသွားဖို့ ရှိပါတယ်။ Nokia ရဲ့ နောက်ဆုံးထွက် flagship စမတ်ဖုန်းဖြစ်တဲ့ Nokia 9 ဆိုလည်း ဖက်ထရယ်ဆက်သွယ်ရေးကော်မရှင် FCC ရဲ့ ခွင့်ပြုချက်ရပြီ ဖြစ်လို့ ဒီဖုန်းအကြောင်း ငဲ့စောင်းကြည့်လို့ ရနေပြီလို့ ဆိုရမှာပါ။


အန်းဒရိုက်စမတ်ဖုန်းလောက်ထဲ တကျော့ပြန်ဝင်လာတဲ့ Nokia ဟာ တစ်ခါက အရှိန်အဝါကို Nokia 8 လို flagship ဖုန်းမှာရော Nokia 6 ၊ Nokia 5 နဲ့ Nokia 3 တို့ လို အလတ်စား နဲ့ တန်ဖိုးနည်းဖုန်းများမှာပါ ကောင်းကောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ၂၀၁၈ အတွက် Nokia ရဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးတစ်ခုအဖြစ် မိတ်ဆက်သွားမယ့် Nokia 9 မှာတော့ အတော်လေးကို အပြောင်းအလဲ လုပ်ထားပါတယ်။ Nokia 9 မှာ မြင်သာတဲ့ အပြောင်းအလဲတစ်ခုက display ပါ။ ဒီနှစ် Nokia 8 မှာတုန်းက မျက်နှာပြင် ၅.၃ လက်မ LCD display ကို သုံးသွားပေမယ့် မျက်နှာပြင်အကြီးတွေ ခေတ်စားလာတဲ့ စမတ်ဖုန်းခေတ်မှာတော့ Nokia 9 ဟာ မျက်နှာပြင် ၅.၅ လက်မကိုမှ QHD OLED display သုံးလာတာပါ။ Nokia brand တွေထဲမှာ ပထမဆုံး OLED display သုံးလာတာ ဖြစ်လို့ display ပိုင်းအရ အတော်လေး အဆင့်မြင့်လာသလို LG ရဲ့ နာမည်ကျော် QHD display စတိုင် 18:9 aspect ratio ကို ဒီဖုန်းမှာ မြင်ရမှာ ဖြစ်ပါတယ် ။

Nokia 9 နဲ့ ပတ်သတ်ပြီး ရင်ခုန်စရာအကောင်းဆုံး feature တစ်ခုက ဒီဖုန်းဟာ လက်ရှိ ဘေးဘောင်ပါးဖုန်းခေတ်ကို အမှီလိုက်လာတဲ့အချက်ပါ။ Nokia ဖုန်းတွေ ထုတ်နေတဲ့ HMD Global အနေနဲ့ လက်ရှိ စမတ်ဖုန်းခေတ်ရေစီးကြောင်းနဲ့ အံကျဖြစ်အောင် ကြိုးစားလာတာကို ဒီအချက်မှာ မြင်သာလာပါတယ်။ Nokia 9 ဟာ မှန်ကိုယ်ထည်ကို သုံးသွားဖို့ ရှိသလို screen ကလည်း ဘေးဘောင်ခုံးဒီဇိုင်းဖြစ်မှာပါ။ သတင်းထွက်လာတဲ့ ပုံတွေအရ ကိုယ်ထည်မှာ ထူးခြားတာက ကျောဘက်ဟာ အနက်ရောင် ဖြစ်နေပြီး ဘေးဘောင်တွေက အပြာသားကွပ်ထားတာ ဖြစ်လို့ ဒီဖုန်းဟာ ဒီဇိုင်းပိုင်းအရ ဆန်းနေပါတယ်။

အတွင်း specs တွေအနေနဲ့ Nokia 9 ဟာ Qualcomm ရဲ့ Snapdragon 835 SoC နဲ့ onboard storage 128GB ကို သုံးသွားမှာပါ။ RAM ပမာဏတော့ မသိရသေးပေပမယ့် ဘက်ထရီကတော့ 3250 mAh ဘက်ထရီ ဖြစ်ပြီး 18W fast charging support ပေးသွားမယ်လို့ ဆိုပါတယ်။ Android ဗားရှင်းကတော့ နောက်ဆုံးထွက် Android 8.0 Oreo ကို သုံးသွားမှာပါ။ flagship ဖုန်းဖြစ်တဲ့ အတိုင်း ဒီဖုန်းဟာ ကျောဘက်ကင်မရာနှစ်လုံးတွဲ စနစ်ဖြစ်တဲ့ 12MP+ 13MP ကင်မရာနှစ်လုံးသုံးသွားမှာဖြစ်ပြီး ရှေ့ ကင်မရာကတော့ 5MP ကင်မရာ ဖြစ်ပါတယ်။ သတင်းထွက်လာတဲ့ ပုံတွေအရဆိုရင် ကျောဘက် ကင်မရာအောက်မှာ fingerprint scanner သုံးထားတာ တွေ့ ရပါတယ်။

Nokia 9 နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ သတင်းတစ်ခုက ဒီဖုန်းဟာ နာမည်ကြီး Samsung Galaxy S8/ Galaxy Note 8 တို့ လို ရေစိုဖုန်တင်ဒဏ်ကို IP68 rating အထိ ခံနိုင်ရည်ရှိတဲ့ ပထမဆုံး Nokia ဖုန်းဖြစ်လာဖို့ ရှိသလို Android Pay ငွေချေစနစ်လည်း သုံးနိုင်မယ့် ဖုန်းလို့ ဆိုပါတယ်။ အတိအကျကိုတော့ လာမယ့် ဇန်နဝါရီ CES 2018 ပွဲမှာ မြင်ရကြားရတော့မှာပါ။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...