ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း (၂၀) အကြောင်းရေးပေးလိုက်ပါပြီ
Mobile

ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း (၂၀)

Written by Chan Myae Maung

ဖုန်းတစ်ခုနဲ့ တစ်ခုအကြားက ကွာဟချက် ကျဉ်းမြောင်းလာချိန်မှာ စမတ်ဖုန်းတွေကို အဆင့်သတ်မှတ်ရတာကလည်း ပိုမိုခက်ခဲ လာပါတယ်။

ဖုန်းအဆင့်သတ်မှတ်ရာမှာ spec တွေ၊ feature တွေ၊ ဒီဇိုင်းနဲ့ ဈေးနှုန်းတွေကို ထည့်သွင်းစဉ်းစားရပါတယ်။ အဲ့ဒီအထဲမှာ အရေးအကြီးဆုံးက ဈေးနှုန်းဖြစ်ပါတယ်။ OnePlus 5T နဲ့ Essential Phone တို့ဟာ ဒေါ်လာ ၅၀၀ လောက်ပဲ ကျသင့်ပြီး အခုစာရင်းမှာပါတဲ့ ဒေါ်လာ ၈၀၀ နဲ့အထက် ဖုန်းတွေထက် ကွာဟချက် ကြီးကြီးမားမားမရှိပါဘူး။ နာမည်ကြီး စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေက ပိုမိုမြင့်တက်ပေမယ့် ဈေးအတန်အသင့်သာရှိတဲ့ ပရီမီယံ Android ဖုန်းတွေက အရင်ထက် ပိုကောင်းလာပါတယ်။
Business Insider ကဖော်ပြခဲ့တဲ့ ထိပ်တန်း စမတ်ဖုန်း (၂၀) စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. BlackBerry Classic

သင်က BlackBerry ပရိသတ်တစ်ယောက် ဖြစ်တယ်ဆိုရင် Classic ကို နှစ်သက်မှာ အသေအချာပါပဲ။ ဒီစမတ်ဖုန်းက အရင် BlackBerry မော်ဒယ်တွေနဲ့ ဆင်တူပေမယ့် ကြည်လင်ပြတ်သားတဲ့ touchscreen နဲ့ ထူးကဲကောင်းမွန်တဲ့ physical keyboard တို့ပါဝင်လာပါတယ်။

တန်ဖိုး – ဒေါ်လာ ၂၄၀

2. Sony XZ Premium

Sony XZ Premium မှာ ကြည်လင်ပြတ်သားတဲ့ screen ပါဝင်ပြီး စွမ်းဆောင်ရည်ကလည်း အလွန်လျင်မြန်ပါတယ်။ အရင်က ဒေါ်လာ ၈၀၀ နဲ့ ရောင်းချခဲ့ပေမယ့် အခုအခါ Amazon ကနေ ဒေါ်လာ ၆၀၀ အောက်နဲ့ ရရှိနိုင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၅၇၀

3. BlackBerry KeyOne

KeyOne ဟာ BlackBerry Priv ရဲ့ နေရာဆက်ခံသူ ဖြစ်ပါတယ်။ Android ကိုအသုံးပြုထားပြီး physical keyboard ပါဝင်ပါတယ်။ Priv မှာတုန်းက keyboard ကို screen ရဲ့အနောက်ကနေ ဆွဲထုတ်ပြီးသုံးရပေမယ့် KeyOne မှာတော့ keyboard ကို display အောက်မှာ ထည့်သွင်းထားပါတယ်။

KeyOne ဟာ physical keyboard နဲ့အသုံးပြုချင်သူတွေအတွက် အလွန်အသုံးဝင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အခြား BlackBerry ထုတ်ကုန်တွေမှာမရနိုင်တဲ့ Google ရဲ့ app and service တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၅၀၀

4. Motorola Moto G5 Plus

Moto G5 Plus မှာ ၅.၂ လက်မ 1080p screen, fingerprint scanner, 12-megapixel ကင်မရာနဲ့ အလွန်ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ပရီမီယံဖုန်းတွေလို feature အများအပြား မပါပါဘူး။ ဥပမာအနေနဲ့ NFC antenna မပါဝင်တဲ့အတွက် မိုဘိုင်းငွေပေးချေမှုတွေ လုပ်လို့မရပါဘူး။

တန်ဖိုး – ဒေါ်လာ ၂၃၀

5. Motorola Moto G5S Plus

Moto G5s Plus ဟာ G5 Plus ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ ဒီဇိုင်းဖန်တီးထားပြီး ၅.၅ လက်မ display ကို အသုံးပြုထားပါတယ်။ ကင်မရာက 13-megapixel dual-lens ဖြစ်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၂၈၀

6. Motorola Moto Z2 Force

Moto Z2 Force မှာ ပရီမီယံ စမတ်ဖုန်းတစ်လုံးရဲ့ feature အားလုံး ပါဝင်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ ကင်မရာက အလွန်ကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ၅.၅ လက်မ AMOLED display ကလည်း အခြား စမတ်ဖုန်း screen အများစုထက် ကွဲကြေဒဏ် ပိုမိုခံနိုင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၇၂၀

7. Apple iPhone SE/6S/6S Plus

ဒါကတော့ နှစ်နှစ်သက်တမ်းရှိပြီး specs တူညီတဲ့ iPhone တွေကို စုစည်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီဖုန်းအားလုံးက အခုထက်ထိ စွမ်းဆောင်ရည် ကောင်းမွန်နေဆဲ ဖုန်းတွေဖြစ်ပါတယ်။

မကြာသေးခင်က ဖြန့်ချိပေးထားတဲ့ Apple ရဲ့နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်တဲ့ iOS 11 က iPhone 6S Plus မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ SE, 6S နဲ့ 6S Plus တို့မှာ အလွန်ကောင်းမွန်တဲ့ ကင်မရာတွေနဲ့ ဖုန်းကို အလျင်အမြန် unlock လုပ်ပေးနိုင်မယ့် Touch ID fingerprint sensor တွေပါဝင်ပါတယ်။ ဒါ့အပြင် 3.5mm နားကြပ်ပေါက်တွေလည်း ပါဝင်ပါတယ်။

iPhone SE တန်ဖိုး – ဒေါ်လာ ၃၅၀
iPhone 6S တန်ဖိုး – ဒေါ်လာ ၄၅၀
iPhone 6S Plus တန်ဖိုး – ဒေါ်လာ ၅၅၀

8. HTC U11

U11 ကို ထူးကဲကောင်းမွန်တဲ့ ကင်မရာ၊ မျက်စိပသာဒဖြစ်စေမယ့် ကျောဘက်ကိုယ်ထည်နဲ့ လျင်မြန်တဲ့ စွမ်းဆောင်ရည်တို့နဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ဘေးဘောင်ကိုညှစ်လိုက်တဲ့အခါ Google Assistant အပါအဝင် ကိုယ်လိုချင်တဲ့ app တွေကို ဖွင့်ပေးမယ့် feature တစ်ခုလည်း ပါဝင်ပါတယ်။ နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။

တန်ဖိုး – ဒေါ်လာ ၆၅၀

9. LG G6

6G ဟာ LG ရဲ့ အကောင်းဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ LG G6 ကို ပရီမီယံဒီဇိုင်းနဲ့ ဖန်တီးထားပြီး ရေစိုဒဏ်ခံနိုင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ dual-lens ကင်မရာနဲ့ app တွေကို ကြည့်ရှုအသုံးပြုရာမှာ ပိုကောင်းစေမယ့် screen တို့ကို အသုံးပြုထားပါတယ်။

တန်ဖိုး – ဒေါ်လာ ၅၅၀

10. Essential Phone

Essential Phone က ဆွဲဆောင်မှုရှိပြီး လှပတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ Edge-to-edge display ပါဝင်ပြီး ကျောဘက်မှာ ceramic ကိုသုံးထားကာ ဘေးဘက်မှာတော့ titanium ကို အသုံးပြုထားပါတယ်။ Android stock version နဲ့လည်း အသုံးပြုနိုင်ပါတယ်။

စွမ်းဆောင်ရည်လျင်မြန်ပြီး ထူးကဲကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 360-degree ကင်မရာနဲ့ wireless-charging dock အပါအဝင် အရန်ပစ္စည်းတွေအတွက် ဖုန်းရဲ့ကျောဘက်မှာ သံလိုက်ပင် နှစ်ခုပါဝင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၅၀၀

11. Samsung Galaxy S8 and S8 Plus

Samsung Galaxy S8 နဲ့ S8 Plus တို့ကလည်း ဒီဇိုင်းလှပတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ဒီဇိုင်းက iPhone 8 ထက် ပိုလှပြီး Samsung Note 8 ထက် ချောမွတ်တောက်ပြောင်ပါတယ်။

ရေစိုခံစနစ်ပါဝင်ပြီး လျင်မြန်တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Face and iris recognition လည်း ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းတွေရဲ့ ကင်မရာဟာ အကောင်းဆုံးကင်မရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Apple Pay, Android Pay တို့နဲ့ မတူတဲ့ credit-card reader တိုင်းနဲ့ အလုပ်လုပ်နိုင်မယ့် Samsung ရဲ့ Pay wireless-payments ဝန်ဆောင်မှုလည်း ပါဝင်ပါတယ်။

Galaxy S8 တန်ဖိုး – ဒေါ်လာ ၆၄၀
Galaxy S8 Plus တန်ဖိုး – ဒေါ်လာ ၇၀၅

12. Apple iPhone 7 and iPhone 7 Plus

iPhone 7 နဲ့ 7 Plus တို့က သက်တမ်းတစ်နှစ်ရှိပြီဖြစ်ပေမယ့် သူတို့ရဲ့ ဈေးနှုန်းသစ်တွေကြောင့် Galaxy S8 ဖုန်းတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

iPhone 7 နဲ့ 7 Plus မှာ ရေစိုခံစနစ်နဲ့အတူ အလင်းနည်းတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ပေးမယ့် ကင်မရာနဲ့ စွမ်းဆောင်ရည်မြင့် processor တို့ ပါဝင်ပါတယ်။ ဒါ့အပြင် AirPods နားကြပ်လို အခြား Apple ထုတ်ကုန်တွေနဲ့လည်း ကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။

iPhone 7 Plus ရဲ့ dual-lens ကင်မရာစနစ်က အဓိက feature ဖြစ်ပါတယ်။ အဲ့ဒီကင်မရာက ဓာတ်ပုံတွေကို “bokeh” effect နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ Secondary ကင်မရာဖြစ်တဲ့ telephoto lens ကလည်း 2x optical zoom ကို ထောက်ပံ့ပေးထားပါတယ်။

iPhone 7 တန်ဖိုး – ဒေါ်လာ ၅၅၀
iPhone 7 Plus တန်ဖိုး – ဒေါ်လာ ၆၇၀

13. Razer Phone

Razer Phone က “gaming” ဖုန်းတစ်ခုအနေနဲ့ ဈေးကွက်ဝင်လာတာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ display က 120 fps အထိ ထောက်ပံ့ပေးနိုင်တာကြောင့် ဂိမ်းကစားတဲ့အခါ အလွန်ချောမွေ့စေမှာဖြစ်ပါတယ်။
မြင့်မားတဲ့ fps ကို ဖုန်းရဲ့ app တွေနဲ့ Android operating ystem တို့မှာလည်း အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းပေါ်မှာ လုပ်ဆောင်တဲ့ အရာအားလုံးဟာ အခြားစမတ်ဖုန်းတွေနဲ့မတူ ပိုမိုအဆင်ပြေချောမွေ့တာကို တွေ့ရမှာဖြစ်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၇၀၀

14. Samsung Galaxy Note 8

Note 8 ကို လှပနှစ်လိုဖွယ်ကောင်းတဲ့ ဒီဇိုင်း၊ screen ဘေးက အလွန်ပါးလွှာတဲ့ အနားသပ်တွေနဲ့အတူ လှပတဲ့ ဖန်သားပြင်၊ dual-lens ကင်မရာစနစ်၊ လျင်မြန်တဲ့ စွမ်းဆောင်ရည်တို့နဲ့ အသုံးပြုနိုင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၇၈၀

15. OnePlus 5T

Screen အရွယ်ကြီးမားတဲ့ ဖုန်းတစ်လုံးကို ဒေါ်လာ ၈၅၀ ပေးပြီး မဝယ်ချင်ဘူးဆိုရင် OnePlus 5T ကို စဉ်းစားနိုင်ပါတယ်။ ဒီဖုန်းမှာ အခြားစမတ်ဖုန်းတွေထက် ပိုများတဲ့ RAM ပမာဏပါဝင်ပြီး စွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်ရှိပါတယ်။

တန်ဖိုး – ဒေါ်လာ ၅၀၀

16. Google Pixel 2

Pixel 2 ဟာ အလှပဆုံး Android ဖုန်း မဟုတ်နိုင်ပေမယ့် သူ့ရဲ့လျှို့ဝှက်ချက်က pure Android အတွေ့အကြုံရရှိနိုင်ခြင်း ဖြစ်ပါတယ်။
ဒီစမတ်ဖုန်းမှာ နောက်ဆုံးပေါ် operating system ကို အသုံးပြုထားပါတယ်။ ရေစိုခံစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုး – ဒေါ်လာ ၆၅၀

17. Google Pixel 2 XL

Pixel 2 XL မှာ Pixel 2 အတိုင်း တူညီတဲ့ feature တွေနဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ကွာခြားတာက အရွယ်ကြီးမားတဲ့ display နဲ့ ဒီဇိုင်းဖြစ်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၈၅၀

18. Apple iPhone 8

iPhone 8 ကို အလွန်ကောင်းမွန်တဲ့ကင်မရာ၊ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်တို့နဲ့ အသုံးပြုနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်နဲ့ လျင်မြန်တဲ့ အားသွင်းစနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ iPhone 8 က Android ထက်ပိုသာတဲ့ အဓိက အကြောင်းအရင်းကတော့ iOS operating system ဖြစ်ပါတယ်။ Apple ရဲ့ နောက်ဆုံးပေါ် update တွေကို ဖြန့်ချိပြီး မကြာခင်ရရှိနိုင်ပါတယ်။ iOS app တွေကလည်း Android app တွေထက် ဒီဇိုင်းပိုလှပါတယ်။

တန်ဖိုး – ဒေါ်လာ ၇၀၀

19. Apple iPhone 8 Plus

iPhone 8 Plus နဲ့ iPhone 8 ရဲ့ အဓိကကွာခြားချက်က အရွယ်ပိုကြီးပြီး ပိုကောင်းတဲ့ screen နဲ့ dual-lens ကင်မရာစနစ်တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီကင်မရာမှာ telephoto lens ပါဝင်ပြီး ဓာတ်ပုံတွေကို ပရော်ဖက်ရှင်နယ်ကင်မရာအတိုင်း ဖမ်းယူပေးနိုင်ပါတယ်။

တန်ဖိုး – ဒေါ်လာ ၈၀၀

20. Apple iPhone X

iPhone X မှာ ပိုကောင်းတဲ့ iPhone နဲ့ Apple ဂေဟစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါဟာ တွေ့ဖူးသမျှ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဒီဇိုင်း ဖြစ်ပါတယ်။ ဖုန်းမှာ မျက်နှာပြင်တစ်ခုလုံးနီးပါး နေရာယူထားတဲ့ လှပတဲ့ OLED display ကို အသုံးပြုထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်နဲ့ လျင်မြန်တဲ့အားသွင်းစနစ်တို့ကို ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုး – ဒေါ်လာ ၁,၀၀၀

Ref: BusinessInsider

About the author

Chan Myae Maung

Leave a Comment