ကိုယ့်ကိုယ်ကို သတ်သေစက်တစ်မျိုး နောက်နှစ်ထဲ ဖြန့် ချီမည်
Odd News Tech

အခေါင်းပါ တစ်ခါတည်းပါသည့် ကိုယ့်ကိုယ်ကို သတ်သေစက်တစ်မျိုး နောက်နှစ်ထဲ ဖြန့် ချီမည်

Written by Chan Myae Maung

မသေချင်သေးက ပြန်ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး Suicide Machine လို့ ခေါ်နိုင်တဲ့ 3D ပုံဖော်နည်းပညာသုံး လူသတ်စက်တစ်မျိုးကို သြစတြေးလျမှ ဒေါက်တာတစ်ဦး ဖြစ်သူ ဖီးလစ်နစ်ခ်ျခဲက တီထွင်လိုက်ပါတယ်။

Sarco လို့ နာမည်ပေးထားတဲ့ ဒီသေကြောင်းကြံစက်ဟာ ကိုယ့်ကိုယ်ကို သတ်သေလိုသူများကို သက်သက်သာသာနဲ့ နာကျင်မှုမရှိ အသက်ထွက်အောင် လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၇၀ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါက်တာဖီးလစ်နစ်ခ်ျခဲဟာ ဒီစက်ကို နယ်သာလန်နိုင်ငံမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ အလက်ဇန်းဒါးဘန်းနစ်ခ်နဲ့ တွဲပြီး တီထွင်ခဲ့တာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ့်နှစ်ကုန်ပိုင်းမှာ ဈေးကွက်တင်ဖြန့် ချိသွားတော့မှာ ဖြစ်ပါတယ်။

ဒီသေကြောင်းကြံစက်ဟာ ပြန်ပြန်အသုံးပြုလို့ ရနိုင်တဲ့ 3D-printed အောက်ခြေကိုယ်ထည်ပါပြီး အပေါ်မှာတော့ ဖြုတ်နိုင်တပ်နိုင် အရှင်သဘောမျိုး ထည့်ထားတဲ့ အခေါင်းတစ်ခု ပါရှိပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေမယ့်သူဟာ အခေါင်းထဲဝင်ပြီးတာနဲ့ စက်မှာ ပါတဲ့ ခလုတ်တစ်ခုကို နှိပ်ပြီး ဖြစ်စေ ၊ အသံနဲ့ အမိန့် ပေးပြီး ဖြစ်စေ ၊ အကြောသေဝေဒနာရှင်များအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်းအတာအလိုက် မျက်တောင်ခပ်ပြခြင်းတို့ နဲ့ စက်ကို နှိုးရမှာပါ။ ဒိနောက် စက်ဟာ နိုက်ထရိုဂျင်လွှတ်ပြီး အောက်ဆီဂျင်လယ်ဗယ်ဖြတ်တောက်သွားမှာ ဖြစ်ပြီး မကြာခင်မှာ မေ့မျောသွားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဘဝကူးပြောင်းသွားမယ်လို့ ဒေါက်တာ နစ်ခ်ျခဲက ဆိုပါတယ်။

သေပြီးသားလူကိုလည်း ဒီအခေါင်းနဲ့ ပဲ အသုဘချနိုင်တာဖြစ်လို့ အလုပ်မရှုပ်ဘူးလို့ လည်း ဆိုပါတယ်။ ဒီအခေါင်းဟာ 3D နည်းပညာနဲ့ ထုတ်ထားတာဖြစ်ပြီး အထဲမှာ သုံးမယ့် နိုက်ထရိုဂျင်အရည်ကိုလည်း ပြင်ပကနေ တရားဝင်ဝယ်သုံးနိုင်မယ်လို့ သိရပါတယ်။ ဒီစက်ဟာ လူတစ်ယောက်ကို ၅ မိနစ်အတွင်း အဆုံးစီရင်နိုင်မှာ ဖြစ်ပြီး တကယ်လို့ မသေချင်သေးရင် အသက်ကယ်ခလုတ်ထားပေးထားတာမို့  ပြန်ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချို့ နိုင်ငံများမှာ ကိုယ့်ကိုယ်ကို သတ်သေခွင့်ကို ဥပဒေအရ ခွင့်ပြုပြီး ဖြစ်နေတာကြောင့် ဒီစက်အတွက် ဈေးကွက် ရှိတယ်လို့ ဆို၇မှာပါ။ တစ်ခုရှိတာက ဒီလိုစက်မျိုးကြောင့် ကိုယ့်ကိုယ်ကို သတ်သေလိုသူပမာဏ မြင့်တက်လာမှာ စိတ်ပူစရာတော့ ရှိနေပါတယ်။ ဥပဒေရေးရာအရ ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုင်ရာ စည်းမျဉ်းများရှိထားပြီး ဖြစ်လို့ ဒီလို သေကြောင်းကြံစက်ကို ဈေးကွက်မှာ ဘယ်လို ထိန်းကျောင်းမှုနဲ့ ရောင်းချသွားမလဲဆိုတာ စီမံသွားဖို့ ရှိပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment