Mobile Tech
iPhone သစ် သုံးမျိုးလုံးရဲ့ နာမည်ထွက်ပေါ်လာ
Written by Chan Myae Maung
အရင်ကြားထားတဲ့ နာမည်မဟုတ်တော့ပါဘူး။ iPhone Edition ၊ iPhone Pro ၊ iPhone 8 စသည်ဖြင့်တစ်လျှောက်လုံး နာမည်အမျိုးမျိုးနဲ့ ထင်ကြေးပေးခံနေရတဲ့ iPhone သစ်တွေရဲ့ နာမည်တွေကို သိရပြီ ဖြစ်ပါတယ်။ iOS 11 firmware ထွက်လာပြီးနောက်မှာ ဆယ်နှစ်ပြည့် iPhone သစ်အပါအဝင် တစ်ခြား iPhone နှစ်မျိုးရဲ့ နာမည်ဟာ အရင်ကြားတာတွေနဲ့ တစ်ခြားစီ ဖြစ်နေပါတယ်။
အစောပိုင်းတုန်းကတော့ ကျွန်တော်တို့ ဟာ iPhone 7 ရဲ့ အဆက်ဖြစ်လို့ premium version ကို iPhone 8 ၊ တစ်ခြားမော်ဒယ် iPhone ၂ မျိုးကို iPhone 7s နဲ့ 7s Plus ဆိုပြီး နာမည်ပေးသွားမယ်လို့ ထင်ခဲ့တာပါ။ အခုအတိုင်းဆိုရင်တော့ Apple ဟာ ဒီနှစ်က စပြီး S စီးရီးတွေကို ကျော်ပစ်တော့မယ် ထင်ပါတယ်။ iPhone X ဆိုတဲ့ အထဲမှာ X ကတော့ ရောမဂဏန်း ၁၀ ကို ပြောတာ ဖြစ်လို့ ၁၀နှစ်ပြည့် iPhone သမိုင်းအတွက် မှတ်တိုင် special Edition သက်သက် ထွက်လာတာပဲ ဖြစ်မှာပါ။ နောက်နှစ်တွေမှာတော့ ပုံမှန်အတိုင်း iPhone 9 ဆိုပြီး နာမည်ပေးသွားမယ် ထင်ပါတယ်။
ဒီဇိုင်းပိုင်းမှာ iPhone 8 နဲ့ iPhone 8 Plus တို့ ဟာ အရင် iPhone 7 စီးရီးနဲ့ သိပ်ကွာဖို့ မရှိပါဘူး။ iPhone X မှာသာ မျက်နှာပြင် အကြီးစား ၊ facial recognition စနစ် (Face ID နဲ့ ဖုန်းဖွင့်တာ) နဲ့ AR အက်ပလီကေးရှင်းတွေ သုံးနိုင်တဲ့ 3D ကင်မရာအာရုံခံစနစ်တွေ နဲ့ တကယ့် အဆင့်မြင့်ဗားရှင်းအသွင် ထွက်လာဖို့ ရှိပါတယ်။ ကျောဘက်မှာလည်း Apple ရဲ့ ပထမဆုံး ထောင်လိုက်နှစ်လုံးတွဲ ကင်မရာသုံးသွားမှာ ဖြစ်ပါတယ်။သတင်းတစ်ချို့ မှာတော့ iPhone X မှာ သုံးမယ့် OLED display ပစ္စည်းမလောက်တာကြောင့် ဈေးကွက်ထဲ ရောက်ဖို့ ကြန့် ကြာနေဖို့ ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ ခပ်စောစောတုန်းက iPhone သစ်တွေကို စက်တင်ဘာ ၂၂ ရက်နေ့ မှာ ဈေးကွက်ထဲ တင်ပို့ သွားမယ် သတင်းရထားပေမယ့် iPhone X ကတော့ ဒီထက်နောက်ကျဖို့ ရှိနေပါတယ်။ သတင်းအပြည့်အစုံကို မနက်ဖြန် စက်တင်ဘာလ ၁၂ ရက်နေ့ ဆို သိရတော့မှာပါ။
About the author
Chan Myae Maung
Leave a Comment
error: