၁၂ မိနစ်တည်းနဲ့ အားအပြည့်ဝင်စေမယ့် ဘက်ထရီနည်းပညာသစ် Samsung တီထွင်
Tech

၁၂ မိနစ်တည်းနဲ့ အားအပြည့်ဝင်စေမယ့် ဘက်ထရီနည်းပညာသစ် Samsung တီထွင်နေ

Written by Chan Myae Maung

လစ်သီယံအိုင်ယွန်ဘက်ထရီတွေထက် ငါးဆ အားအဝင်မြန်စေမှာပါ။ ဒီနေ့ ခေတ် ဘက်ထရီကောင်းတယ်ဆိုတဲ့ ဖုန်းတစ်လုံးဟာ အားအပြည့်ဝင်ဖို့ ၁ နာရီအချိန်ပေးပြီး အားသွင်းရပေမယ့် Samsung ရဲ့ဘက်ထရီနည်းပညာသစ်ကတော့ ၁၂ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

Graphene Ball လို့ နာမည်ပေးထားတဲ့ ဒီဘက်ထရီနည်းပညာသစ်ဟာ လက်ရှိသုံးနေတဲ့ လစ်သီယံအိုင်ယွန်ဘက်ထရီတွေထက် ငါးဆ အားအဝင်မြန်စေမှာ ဖြစ်ပြီး ဘက်ထရီ စွမ်းရည်ကိုလည်း ပိုမို ထိရောက်မှု ရှိစေမှာ ဖြစ်တယ်လို့ Samsung က ကြေငြာထားပါတယ်။ ဒီဘက်ထရီနည်းပညာကို သုတေသနလုပ်နေတဲ့ Samsung သုတေသသနအဖွဲ့ ရဲ့ အဆိုအရ Grapene Ball ဟာ ဘက်ထရီစွမ်းဆောင်ရည်ကို ၄၅% တိုးတက်စေမှာ ဖြစ်သလို အားသွင်းရမှာလည်း တဟုန်းထိုး မြန်ဆန်စေမယ့် super fast charging နည်းပညာပါရှိမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အနေနဲ့ မိုဘိုင်း ထုတ်ကုန်နဲ့ အီလက်ထရောနစ်ယာဉ်အသီးသီးမှာ အသုံးများလာတဲ့ လစ်သီယံအိုင်ယွန်ဘက်ထရီတွေရဲ့ စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်နိုင်တော့မှာ” လို့ ဒီသုတေသနကို ခေါင်းဆောင်သူ ဒေါက်တာ ဆွန်အင်ဟွခ်က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ “ဒီသုတေသနကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကလည်း အရန်ဘက်ထရီနည်းပညာပိုင်းမှာ အသစ်သစ်တွေ ရှာဖွေဖော်ထုတ်ဖို့ နဲ့ စဉ်ဆက်မပြတ်တီထွင်ကြံဆနေဖို့ ဆိုပြီး ရည်ရွယ်ထားခဲ့တာပါ”

Samsung ရဲ့ အရင် ပြီးခဲ့တဲ့ မတ်လ MWC 2017 ပွဲမှာကတည်းက Oppo ဟာ ၁၅ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်မယ်ဆိုတဲ့ Super VOOC Flash Charge နည်းပညာနမူနာမော်ဒယ်ကို ကြေငြာခဲ့ဖူးပါတယ်။ နောက်ပိုင်း Oppo နဲ့ တစ်ကုမ္ပဏီတည်း စမတ်ဖုန်းမော်ဒယ်တစ်ခု ဖြစ်တဲ့ OnePlus နောက်ဆုံးထွက် 5T မှာတောင် Dash Charge ဆိုပြီး မိနစ် ၂၀ လောက် အားသွင်းလိုက်တာနဲ့ လုံးဝအားမရှိတဲ့အနေအထားကနေ အားအပြည့် ဝင်စေတဲ့ နည်းပညာကို မြင်တွေ့ နေရပါတယ်။ Samsung ကတော့ အကြိမ်ပေါင်း ၅၀၀ အထိ အားသွင်းပြီးနောက်မှာလည်း အားသွင်းမှုစွမ်းရည်ကို ၇၈% အထိ ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

Grapene Ball နည်းပညာသုံးဘက်ထရီများအတွက် အရေးကြီးဆုံး ဦးတည်ချက်တစ်ခုကတော့ ဘေးကင်းစိတ်ချဖို့ ဖြစ်တာကြောင့် အပူချိန် ၆၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ဒဏ်ခံနိုင်အောင် ထုတ်လုပ်သွားမယ်လို့ လည်း ဖော်ပြထားပါတယ်။ Samsung ဟာ ယခု ဘက်ထရီနည်းပညာအတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ မှာ မှတ်ပုံတင်ထားပြီး အနာဂါတ် Samsung ထုတ်ကုန်တွေမှာ ဒီနည်းပညာကို သုံးသွားဖို့ လည်း ရှိပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment