Gmail ရဲ့ လူသိပ်မသိသေးတဲ့ လုပ်ဆောင်ချက် ၇ ခု - iT Guider
Tech

Gmail ရဲ့ လူသိပ်မသိသေးတဲ့ လုပ်ဆောင်ချက် ၇ ခု

Written by Chan Myae Maung

ဒီနေ့ခေတ်မှာတော့ Gmail အကောင့်တွေဟာ လူအတော်များများမှာ ရှိကြပါတယ်။ Gmail ကြောင့် တစ်ဦးနဲ့တစ်ဦး အချက်အလက်တွေမျှဝေရာမှာ၊ အရေးကြီးတဲ့လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်တွေပေးပို့ရာမှာ မြန်ဆန်လွယ်ကူစေပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း Gmail ကို အသုံးပြုသူတွေ တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ ဒီလိုအသုံးဝင်လှတဲ့ gmail ကို ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေပေမယ့် Gmail အကြောင်းကို ထဲထဲဝင်ဝင်သိတဲ့သူတွေ သိပ်မရှိလှပါဘူး။ ဒါ့ကြောင့် Gmail ဟာ ဘာတွေလုပ်လို့ရပြီး ဘယ်လိုအသုံးဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Gmail ရဲ့ Setting ထဲကနေပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုပြုလုပ်နိုင်ပြီး အလုပ်တွေကို ပိုပြီးလွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန်ပြီးမြောက်နိုင်ဖို့ အတိုကောက်လုပ်ဆောင်နည်းတွေလည်း အများကြီးရှိပါတယ်။

၁။ Lab

Lab ဟာ Gmail ရဲ့ စမ်းသပ်ဆဲ Features လေးတွေကို တင်ပေးထားတဲ့နေရာပဲဖြစ်ပါတယ်။ ဒီ Features တွေထဲက အတော်များများကတော့ အသုံးဝင်တာကြောင့် Gmail ရဲ့ setting ထဲကိုဝင်ပြီး Lab ဆိုတဲ့ tab ကိုနှိပ်ပြီး လေ့လာကြည့်နိုင်ပါတယ်။ Gmail ထဲမှာ မဖတ်ရသေးတဲ့စာ ဘယ်နှစ်စောင်ရှိတယ်ဆိုတာကို ကြည့်နိုင်တဲ့ feature နဲ့ အသုံးဝင်တဲ့ခလုတ်ကလေးတွေကို ထည့်သွင်းထားလို့ရတဲ့ feature စသည်ဖြင့် ပါဝင်ပါတယ်။

၂။ ပို့ထားတဲ့ စာကို ပြန်ဖျက်ခြင်း

Gmail မှာ ပို့ထားပြီးသားစာကို ပြန်ဖျက်လို့ရပါတယ်။ ဒီလိုပြန်ဖျက်ဖို့ကိုတော့ Gmail ရဲ့ Setting ထဲဝင်ပြီး Enable Undo Send ဆိုတဲ့နေရာမှာ အမှန်ခြစ်ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ပို့လိုက်တဲ့စာကို ဘယ်စက္ကန့်အတွင်း ပြန်ဖျက်ချင်တယ်ဆိုတာကို ရွေးချယ်ပေးရမှာပါ။ ဥပမာ- ၁၀ စက္ကန့်ကိုရွေးထားတယ်ဆိုရင် စာပို့ပြီး ဆယ်စက္ကန့်အတွင်း ပို့လိုက်တဲ့စာကို ပြန်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

၃။ အရောင်စုံ ကြယ်လေးတွေ

Gmail မှာ အရေးကြီးတဲ့စာတွေကို စတားပြထားလို့ရပါတယ်။ ပုံမှန်ပြနေကျ ရွှေရောင်ကြယ်ကိုသာမက ကိုယ်သတ်မှတ်ချင်တဲ့စာကို ကိုယ်လိုချင်တဲ့ကြယ်အရောင်နဲ့ စတားပြထားလို့ ရပါတယ်။ ဒီလိုလုပ်ဖို့ Gmail Setting ထဲမှာ Stars လို့ရေးထားတဲ့အကွက်ထဲမှာ ကိုယ်အသုံးပြုလိုတဲ့ အရောင်စုံကြယ်ကလေးတွေနဲ့ အမှတ်သင်္ကေတလေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၎။ Shortcuts ခလုတ်တွေ

Gmail ရဲ့လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ့် Shortcuts ခလုတ်ကလေးတွေကို Gmail ရဲ့ Setting ထဲက Keyboard Shortcut လို့ရေးထားတဲ့နေရာမှာ ပြည့်ပြည့်စုံစုံ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၅။ စာအမျိုးအစားတွေကို ဖျောက်ထားခြင်း

Gmail ထဲက စာတွေကို Primary, Social, Promotions, Updates နဲ့ Forum စသည်ဖြင့် အမျိုးအစားအလိုက် ခွဲခြားပေးထားပါတယ်။ ဒါပေမဲ့ ကိုယ်အသုံးမလိုတဲ့အမျိုးအစားကိုတော့ ဖျောက်ထားနိုင်ပါတယ်။ ဒီလိုဖျောက်ဖို့ဆိုရင်တော့ Setting ထဲမှာ Labels ဆိုတဲ့ခေါင်းစဉ်ကိုနှိပ်ပြီး Categories ဆိုတဲ့နေရာအထိရောက်အောင် ဆွဲချကာ ကိုယ်ဖျောက်ချင်တဲ့ အမျိုးအစားကို ဖျောက်ထားနိုင်ပါတယ်။

၆။ Gmail အကောင့်အပြင် နောက်ထပ်အကောင့်တွေ ထည့်သွင်းထားနိုင်ပါတယ်။

ကိုယ့်ရဲ့ဖုန်းထဲမှာ လက်ရှိသုံးနေတဲ့ Gmail အကောင့်အပြင် တခြားအကောင့်တွေကိုပါ တစ်နေရာထဲမှာသုံးချင်သေးတယ်ဆိုရင်တော့ Gmail App ထဲမှာ Menu ခလုတ်ကိုနှိပ်ပြီး အောက်မှာပေးထားတဲ့အကောင့်အမျိုးအစားတွေထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ အကောင့်အမျိုးအစားကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါတယ်။

၇။ ကိုယ့်ကို စိတ်အနှောက်အယှက်ပေးထားတဲ့သူတွေကို block လုပ်ထားနိုင်ပါတယ်။

ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့လူတွေဆီက နောက်ထပ်စာတွေ မ၀င်လာနိုင်တော့အောင်လို့ လုပ်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ ကိုယ် block လုပ်ချင်တဲ့လူရဲ့စာကိုဖွင့်လိုက်ပြီး reply ခလုတ်ရဲ့ ဘေးနားက မျှားလေးကိုနှိပ်လိုက်ပြီး block ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ရင်တော့ သူ့ဆီကစာတွေ ကိုယ့်ဆီမရောက်လာနိုင်တော့ပါဘူး။

Via : Akhayar

About the author

Chan Myae Maung

Leave a Comment