စက်ရုပ်တွေကြောင့် အလုပ်သမားသန်း ၈၀၀ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ခြေရှိ
Tech

စက်ရုပ်တွေကြောင့် အလုပ်သမားသန်း ၈၀၀ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ခြေရှိ

Written by Chan Myae Maung

အလုပ်သမားများအတွက် ရင်လေးစရာ ဖြစ်လာခဲ့ပါတယ်။ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ စက်ရုပ်နည်းပညာကြောင့် အမေရိကန်အလုပ်သမား ၃ ပုံ ၁ ပုံ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သလို ကမ္ဘာ့လုပ်အားထုကြီးရဲ့ ၅ ပုံ ၁ ပုံဟာ စက်ရုပ်တွေရဲ့ အလုပ်နေရာ ဖြစ်သွားတော့မယ်လို့ ဆိုပါတယ်။

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ လူ့ အလုပ်အကိုင်နေရာကို စက်ရုပ်နည်းပညာနဲ့ အစားထိုးမှု မြင့်တက်လာသလို ဒီနည်းပညာဖွံ့ ဖြိုးရေးအတွက် ငွေကြေး ရင်းနှီးမြှပ်နှံမှုကလည်း အတော်လေး တက်လာပြီးနောက် McKinsey ဆိုတဲ့ စစ်တမ်းထွက်လာတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ ဂျာမဏီလို ကမ္ဘာ့အင်အားကြီး စက်မှု နည်းပညာနိုင်ငံကြီးတွေမှာ စက်ရုပ်တွေဟာ လူ့ အလုပ်အကိုင် အားလုံးရဲ့ ၃ ပုံ ၁ပုံကို ရယူသွားမှာ ဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာနဲ့ အသက်မွေးသူများနဲ့ အစားအသောက်ထုတ်လုပ်ရေး အလုပ်သမားများအတွက် ရင်လေးစရာ ဖြစ်လာခဲ့ပါတယ်။

McKinsey စာတမ်းအလိုအရ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကတော့ စက်ရုပ်နဲ့ အလိုအလျောက် နည်းပညာပိုင်းမှာ ငွေကြေး ရင်းနှီးမြှပ်နှံခြင်း ၊ သုတေသနပြု စီမံခြင်းတွေ နည်းပါးတာကြောင့် လူ့ အလုပ်အကိုင်နေရာများကို စက်ရုပ်တွေ ဝင်လာဖို့ အတော်လေး နည်းဦးမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ စာတမ်းရှင်ကတော့ အိန္ဒိယမှာ စက်ရုပ်တွေဟာ လူ့ အလုပ်အကိုင်တွေရဲ့ ၉% လောက်ပဲ နေရာယူသွားဖို့ ရှိတယ်လို့ သုံးသပ်ထားပါတယ်။ အမေရိကန်မှာတော့ ၂၀၃၀ မှာဆို အလုပ်သမားတွေဟာ အနည်ဆုံး အလုပ်အကိုင် ၃၉ သန်းကနေ ၇၃ သန်းအထိဟာ အလုပ်နေရာပျောက်သွားဖို့ ရှိပြီး ယူကေမှာလည်း ဒီအချိန်ဆို လက်ရှိ အလုပ်နေရာများရဲ့ ၂၀% ကို စက်ရုပ်တွေက လုပ်သွားတော့ဖို့ ရှိပါတယ်။

စက်ရုပ်တွေကြောင့် လူ့ အလုပ်အကိုင် ဆုံးရှုံးမှုအကြောင်းကို McKinsey အရင် ပြောခဲ့သူက တရုတ်ရဲ့ အင်အားကြီး e-Commerce ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူ ဂျက်မား ဖြစ်ပြီး သူ့ အဆိုအရ လာမယ့် နှစ် ၃၀ အတွင်း စက်ရုပ်တွေက အကောင်းဆုံး CEO တွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဂျက်မားရဲ့ ဟောကိန်းထဲမှာတော့ နည်းပညာကပဲ ရုံးအလုပ်တွေ အကုန်လုပ်သွားမှာ ဖြစ်လို့ အလုပ်သမားတွေရဲ့ အလုပ်ခွင်နေရာ ပျောက်ဆုံးမှုတွေ ဖြစ်ကုန်မယ်လို့ ဆိုပါတယ်။ ၁၀ နှစ် အနှစ် ၂၀ အတွင်း လူတွေဟာ တစ်နေ့ ကို အများဆုံးလေးနာရီနှုန်းနဲ့  တစ်ပတ်မှာ သုံးရက်လောက်ပဲ အလုပ်လုပ်သွားပါလိမ်မယ်။ ဒါဆိုရင် လူသားတွေ ဘယ်လို နေထိုင်ရတော့မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်သွားပါလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။

အမေရိကန် အမျိုးသားစီးပွားရေးသုတေသန (NBER) မှ ပြုလုပ်တဲ့ အမေရိကန်အလုပ်သမားဈေးကွက်မှ စက်ရုပ်များ နှင့် အလုပ်အကိုင်များဆိုင်ရာ အထောက်အထားများ ဆိုတဲ့ စာတမ်းအရ ပြီးခဲ့တဲ့ ၁၉၉၀ ကနေ ၂၀၀၇ ခုနှစ်တာ ကာလအတွင်း စက်ရုံများမှာ စက်ရုပ်သုံးစွဲလာခြင်းဟာ ပျမ်းမျှအားဖြင့် အလုပ်အကိုင် ၆.၂ နေရာစာ ပျောက်ဆုံးစေခဲ့တယ်လို့ ဆိုထားပါတယ်။ စက်ရုပ်များနဲ့ လူသားအနာဂါတ်အပေါ် ဂျက်မား သုံးသပ်သလိုမျိုး Microsoft တည်ထောင်သူနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလ်ဂိတ်စ်ကလည်း လူအလုပ်လုပ်တဲ့ စက်ရုပ်များ အခွန်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။

အဆင့်လွန်နည်းပညာခေတ်မှာတော့ စက်ရုပ်တွေဟာ လူသားတွေလို တွေးတောခံစားနိုင်ပြီး သူ့ ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ဖို့ ရှိနေပါတယ်။ ဆိုဖီယာဆိုတဲ့ စက်ရုပ်ဆိုရင် ဆော်ဒီအာရေဗီးယားနိုင်ငံသူ အဖြစ် တရားဝင် အသိအမှတ်ပြုခံရပြီး အဲဒီနိုင်ငံသူအမျိုးသမီးများထက် အခွင့်အရေးပိုရထားပါတယ်။ အခုဆို ဒီစက်ရုပ်ဟာ ကလေးလိုချင်တယ်လို့ ကို တရားဝင်ပြောကြားထားပြီ ဖြစ်လို့ အနာဂါတ်လွန်ကမ္ဘာကြီးတစ်ခုကို အတွေးပိုစရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment