ဒေါ်လာ 200 တန် မျက်နှာဖုံးနဲ့ နောက်တစ်ကြိမ် အရူးလုပ်ခံရတဲ့ FaceID - iT Guider
Mobile Tech

ဒေါ်လာ 200 တန် မျက်နှာဖုံးနဲ့ နောက်တစ်ကြိမ် အရူးလုပ်ခံရတဲ့ FaceID

Written by Chan Myae Maung

FaceID ဟာ တကယ်လုံခြုံမှု မရှိဘူးလို့ သက်သေပြခဲ့တာပါ။
Bkav လို့ ခေါ်တဲ့ ဗီယက်နမ်လုံခြုံရေးကုမ္ပဏီက ဟက်ကာတွေဟာ iPhone X ရဲ့ AI နည်းပညာသုံး FaceID ကို 3D နည်းပညာသုံး မျက်နှာဖုံးတစ်ခုနဲ့ လော့ခ်ဖွင့်ပြခဲ့သူတွေ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း မျက်နှာဖုံးဒီဇိုင်းတစ်မျိုးသုံးပြီး iPhone X ရဲ့ FaceID ရဲ့ ချို့ ယွင်းချက်ကို ထောက်ပြခဲ့ပါတယ်။

ဒီတစ်ကြိမ် FaceID ကို လှည့်စားဖို့ လုပ်ရာမှာ အတော်လေးကို ပြည့်ပြည့်စုံစုံ တင်ပြထားတာ ဖြစ်ပါတယ်။ စားပွဲပေါ်မှာကို အရင်တစ်ခါ iPhone X ရဲ့ FaceID ကိုလှည့်စားခဲ့တဲ့ မျက်နှာဖုံးဟောင်းကို မျက်နှာဖုံးဒီဇိုင်းသစ်နဲ့ ယှဉ်ပြီး ပြသခဲ့ပါတယ်။ ဒီတစ်ခါ မျက်နှာဖုံးကတော့ ကျောက်မှုန့် တွေနဲ့ ပုံဖော်ထားတာ ဖြစ်ပြီး မျက်လုံးတစ်ဝိုက်ကို နက်ပြာရောင်တိပ်နဲ့ အုပ်ထားပါတယ်။ မျက်လုံးကတော့ 2D အနီအောက်ရောင်ခြည်သုံး image ပုံတစ်ခုကို ထွင်းထားတာပါ။

Bkav ဟာ iPhone X ရဲ့ AI နည်းပညာကို မျက်နှာဖုံးနဲ့ လှည့်စားဖို့ လုပ်ရာမှာ FaceID အသစ်ကို ပြန်ပြီး setup လုပ်ခဲ့ပြီး FaceID ရဲ့ အဆင့်မြင့် လုံခြုံရေးစစ်ဆေးနည်း ဖြစ်တဲ့ advanced security options နှစ်ခုကိုပါ ဖွင့်ပြထားခဲ့ပါတယ်။ ဒီတော့ တော်တန်ရုံ လုံခြုံရေးစနစ် ချိုးဖောက်ဝင်ရောက်ဖို့ ဆိုတာ မလွယ်ဘူးဆိုတာ သိသာနေပါတယ်။ FaceID သစ်ကို ပြန်ပြီး set up လုပ်ပြီးတာနဲ့ Bkav မှ လုံခြုံရေးပညာရှင်ဟာ သူ့ မျက်နှာအစစ်နဲ့ အရင် ဖွင့်ပြလိုက်ပါတယ်။

ပြီးတာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ မျက်နှာဖုံးရှေ့ မှာ သွားပြီး ဖုန်းဖွင့်ကြည့်ရာမှာ တစ်ကြိမ်တည်းနဲ့ ပွင့်သွားပါတယ်။ အခုလိုမျိုး FaceID ကို လှည့်စားလို့ ရတဲ့ အဓိကအချက်ကတော့ 2D အနီအောက်ရောင်ခြည်စနစ်နဲ့ ပုံဖော်ထားတဲ့ မျက်လုံးပဲ ဖြစ်ပါတယ်။ ဒီမျက်လုံးဟာ FaceID ရဲ့ AI စနစ်ကို တကယ့် မျက်လုံးအစစ်နဲ့ မှားသွားစေတာလည်း ဖြစ်ပါတယ်။ Bkav ဟာ ပထမအကြိမ် မျက်နှာဖုံးနဲ့ iPhone X ကို ဖွင့်ပြတုန်းကလည်း နိုင်ငံတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သူကြွယ်တွေအနေနဲ့ ဒီ FaceID ဟာ တကယ်လုံခြုံမှု မရှိဘူးလို့ သက်သေပြဖို့ အခုလို ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

ဒီဘက်ခေတ်မှာ iPhone X မှာ FaceID သုံးလာပြီးနောက် Oppo F5 နဲ့ OnePlus 5T လို ရိုးရိုး အန်းဒရိုက်ဖုန်းတွေမှာပါ Face Unlock လို မျက်နှာနဲ့ ဖုန်းဖွင့်တဲ့နည်းပညာသုံးလာတာ စဉ်းစားဖို့ ကောင်းပါတယ်။ ကမ္ဘာ့လုံခြုံမှုအမြင့်ဆုံး iPhone တစ်လုံးမှာတောင် စိတ်ချလက်ချ သုံးဖို့ မကောင်းသေးတဲ့ feature ကို အန်းဒရိုက်ဖုန်းမှာ သုံးလာတာကလည်း ယုံယုံကြည်ကြည်နဲ့ မသုံးသင့်ဘူးဆိုတာ သိသာနေပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment